Pages

Tuesday, June 17, 2008

ရန်ကုန်၌ မိုးကြီး၊ မော်လမြိုင်တွင် ရေတက်လာ၍ လူအများ ထိတ်လန့်နေ

ရန်ကုန်မြို့တွင် ယနေ့နံနက် လင်းအားကြီးချိန်မှစ၍ မိုးဆက်တိုက် ရွာသွန်းလျှက်ရှိပြီး အချို့ နေရာများတွင် ရေလျှံမှု ဖြစ်နေသည်။ မိုးလေ၀သဌာန၏ အထူးသတင်း ကြေညာချက်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်မှ နောက် ၇၂ နာရီအတွင်း နေရာအနှံ့အပြား မိုးရွာနိုင်ကာ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ပါရှိသည်။ မြန်မာ့ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး တနာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။

လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့သည့် နာဂစ်မုန်တိုင်း ဂယက်ကြောင့် စိုးရိမ်စိတ် ကြီးထွားနေချိန် ဖြစ်သဖြင့် မိုးလေ၀သသတင်း လိုက်လံစုံစမ်းမှုကို အများအပြား တွေ့နေရသည်။ မုန်တိုင်းအဆင့် မဟုတ်ဘဲ မုတ်သုန်လေ အားကောင်းရာမှ အားအလွန်ကောင်းလာကာ လေပြင်းကျရောက်မည် ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။ မိုးလေ၀သနှင့် ဇလဗေဒဌာန ညွှန်ချုပ် ဦးထွန်းလွင်က မုန်တိုင်းဝင်ခြင်းသည် ပုံမှန်ပင်ဖြစ်ပြီး ပင်လယ်ထွက်သူများအတွက် လေတိုက်နှုန်းက စိုးရိမ်စရာ ရှိသည်ဟု ပြောသည်။

မော်လမြိုင်မြို့တွင် ကမ်းနားတလျှောက် ရေတက်လာနေ၍ လူအချို့ အထိတ်တလန့် ဖြစ်ကာ အမြင့်ပိုင်း ကျရောက်ရာ မြို့ထဲသို့ အုပ်စုလိုက် ရွှေ့ပြောင်းနေကြသည်။ မော်လမြိုင်မြို့တွင် ရေကြီးမည်ဆိုသော ကောလဟလများ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ထွက်ပေါ်ခဲ့ပြီးနောက် လူအများ စိုးရိမ်ထိတ်လန့် နေခဲ့သည်။ ဘီလူးကျွန်းပေါ်ရှိ ကျေးရွာ ၂ ခုတွင် ရေကြီးမည်ဆိုသော ကောလာဟလကြောင့် ရွှေ့ပြောင်းရာ "လူမရှိတော့" ဟု ဒေသခံတဦးက ပြောသည်။ ယနေ့ မော်လမြိုင်မြို့တွင် ရဲအစောင့်အကြပ်များ သိသိသာသာ တိုးမြှင့် ချထားသည်ဟု သိရသည်။

သတင်း = မဇ္ဈိမ

0 comments: