Pages

Monday, May 26, 2008

ဇော်ဇော်မျိုးဖတ်ဖို့ ပုံပြင်

ကြားဖူးထားတဲ့ပုံပြင်လေးတစ်ပုဒ်ကိုပြောပြမယ်။ ဘယ်သူပြောပြတယ် ဘယ်မှာဖတ်ရတယ်ဆိုတာကိုတော့ မမှတ်မိတော့ဘူး။ တော်တော်လေးသဘောကျလို့ ခေါင်းထဲမှာအလွတ်ရနေတယ်။ ပုံပြင်လေးကဒီလို....................

တစ်ခါတုန်းက ကျွန်းလေးတစ်ကျွန်းမှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွင်ခြင်း၊ စတဲ့စတဲ့ စိတ်ခံစားမှုပေါင်းစုံ စုဝေးနေထိုင်ကြပါသတဲ့။ အဲဒီအထဲမှာ ချစ်ခြင်းမေတ္တာလည်းပါတာပေါ့။တစ်နေ့ကျတော့ သူတို့နေထိုင်တဲ့ကျွန်းကလေးကို လေမုန်တိုင်းကျပြီးရေနစ်ခါနီးဖြစ်လာပါသတဲ့။ အားလုံးရဲ့တစ်ဘက်သတ်ဆုံးဖြတ်ချက်အရ ချစ်ခြင်းမေတ္တာက ဒီကျွန်းကိုစောင့်ဖို့နေရစ်ခဲ့ရမယ်တဲ့။ ဒီလိုနဲ့ကျန်တဲ့သူအားလုံးဟာ လှေအသီးသီးနဲ့ ကျွန်းကလေးကို စွန့်ခွာသွားကြပါတယ်။ တဖြည်းဖြည်းနဲ့ နစ်မြှပ်ခါနီးမှာ ချစ်ခြင်းမေတ္တာဟာလည်း ကျွန်းကလေးကိုစွန့်ခွာဖို့ ကြိုးစားတော့သတဲ့။



ဒီအချိန်မှာ ကြွယ်ဝချမ်းသာခြင်းက ခမ်းနားလှတဲ့လှေကြီးကိုစီးပြီး အနားကဖြတ်သွားပါတယ်။ ချစ်ခြင်းမေတ္တာက သူ့ကိုခေါ်ဆောင်သွားဖို့ အကူအညီတောင်းတဲ့အခါ ကြွယ်ဝချမ်းသာခြင်းက သူ့ဆီမှာ ငွေကြေးပစ္စည်းဥစ္စာတွေ အများကြီးတင်ထားတဲ့အတွက် ချစ်ခြင်းမေတ္တာအတွက်နေရာမရှိပါဘူးဆိုပြီး ထွက်ခွာသွားပါတယ်။



သိပ်မကြာခင်လေးမှာ ဂုဏ်ဓနကလည်း လှေတစ်စင်းနဲ့အနီးကိုရောက်လာပါတယ် သူ့ကိုအကူအညီတောင်းတဲ့အခါမှာလည်း သူက "ငါ့လှေကြီးကဒီလောက်တောင်ကြီးကျယ်လှပနေတာ နင်ကညစ်ပတ်စိုရွှဲနေတာပဲ ငါ့လှေကြီးညစ်ပတ်သွားလိမ့်မယ်" ဆိုပြီးမခေါ်ပဲထွက်ခွာသွားပြန်ပါတယ်။



ပျော်ရွှင်ခြင်းဆိုသူလည်း လှေတစ်စင်းနဲ့ ကျွန်းကလေးအနီးရောက်လာတော့ ချစ်ခြင်းမေတ္တာလည်းလှမ်းပြီး အကူအညီတောင်းပြန်ပါတယ်။ သူကသူကိုယ်တိုင် အရမ်းပျော်ရွှင်နေတာဖြစ်လို့ ချစ်ခြင်းမေတ္တာရဲ့အသံကိုမကြားပဲ ရှေ့ဆက်ထွက်သွားပြန်ပါတယ်။



ဒီလိုပဲနောက်ထပ်ရောက်လာတဲ့ ဝမ်းနည်းခြင်းကလည်း သူကိုယ်တိုင်သိပ်ဝမ်းနည်းခံစားနေရတဲ့အတွက် နောက်ထပ်ဘယ်သူ့ကိုမှ မပတ်သက်ချင်တော့ဘူးလို့ပြောပြီး ချစ်ခြင်းမေတ္တာကို ထားရစ်ခဲ့ပါတယ်။



ဘယ်သူ့ကိုမှအကူအညီတောင်းမရလို့ ချစ်ခြင်းမေတ္တာဟာ စိတ်ပျက်အားငယ်သွားပါတယ်။ ဒီအချိန်မှာပဲ "ချစ်ခြင်းမေတ္တာရေ မင်းကိုငါခေါ်သွားပါ့မယ်" ဆိုပြီးအသံတစ်သံ ထွက်လာပါတယ်။ သေချာကြည့်လိုက်တော့ သူက ရင့်ကျက်ခြင်းဆိုသူ ဖြစ်ပါတယ်တဲ့။ရင့်ကျက်ခြင်းက ချစ်ခြင်းမေတ္တာကို သွားလိုရာပို့ဆောင်ပေးခဲ့ပြီး ဘာမှမပြောပဲထွက်သွားပါတယ်။



ချစ်ခြင်းမေတ္တာလည်း သွားရင်းလာရင်း အသိအမြင်ဆိုသူနဲ့ တွေ့တဲ့အခါ သူ့ကိုခေါ်ဆောင်ဖို့ ဘယ်သူကစီစဉ်ခဲ့တာလဲဆိုတာကို မေးကြည့်ပါတယ်။အသိအမြင်က အချိန်အခါလို့ ပြန်ဖြေပါတယ်။"ဟုတ်ကဲ့ကောင်းပါပြီ ဒါဆိုအချိန်အခါက ကျုပ်ကို ဘာအတွက်ကြောင့် ကယ်တင်ခဲ့ရတာလဲ ပြောစမ်းပါဦး"လို့ ချစ်ခြင်းမေတ္တာက မေးတဲ့အခါ အသိအမြင်က လေးနက်တဲ့စကားတစ်ခွန်းပြန်ပြောပါတယ်.........



"ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကို တကယ်နားလည်တာက အချိန်အခါပဲလေ" တဲ့။



................................ :)

0 comments: